Thursday, April 3, 2014

ဖျားနာခြင်း မဖြစ်အောင် ကာကွယ်နိုင်သော အစားအစာများ

Royal Hero Media
ဖျားနာခြင်း မဖြစ်အောင် ကာကွယ်နိုင်သော အစားအစာများ
================================

အစာအာဟာရတွေက သင့်ခန္ဓာကိုယ် ကျန်းမာနေစေဖို့ များစွာ ဆက်စပ်မှု ရှိနေပါတယ်။ ခန္ဓာကိုယ်မှာ ခုခံအား မြင့်မား နေတာကလည်း သင့်ကို ဖျားနာတာ မဖြစ်အောင် ကာကွယ်ပေးနိုင် ပါတယ်။ အစားအစာတွေကနေ ခန္ဓာကိုယ် ခုခံအားကို မြှင့်တင်နိုင်ပြီး ဖျားနာတာ ကင်းဝေးအောင် လုပ်ဆောင်နိုင်ပါတယ်။

၁။ ဒိန်ချဉ်

ဒိန်ချဉ်မှာ အကျိုးပြု ဘက်တီးရီးယားတွေ ပါဝင်ပြီး အူထဲမှာ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပါတယ်။ သြစတြေးလျ တက္ကသိုလ်ရဲ့ လေ့လာမှုအရ နေ့စဉ် ဒိန်ချဉ် ခုနစ်အောင်စ သောက်ပေးပါက ခုခံအားကို တိုးတက်စေတယ်လို့ ဆိုပါတယ်။ ဆွီဒင် ပညာရှင်တွေရဲ့ လေ့လာမှုအရ ဒိန်ချဉ် နေ့စဉ် သောက်သုံးသူတွေဟာ သွေးတွင်းရှိ သွေးဖြူဥဆဲလ်တွေကို လှုံ့ဆော်ပေးတာကြောင့် ဖျားနာမှု နည်းတယ်လို့ ဆိုပါတယ်။

၂။ အုတ်ဂျုံနှင့် ဘာလီ

အုတ်ဂျုံနဲ့ ဘာလီမှာ ပါဝင်တဲ့ ဘီတာ-ဂလူတန်မှာ အင်တီအောက်ဆီးဒင့် အာနိသင်နဲ့ ပိုးသတ်နိုင်တဲ့ အာနိသင်တွေ ပါဝင်ပါတယ်။ ဒါတွေကို စားပေးတဲ့ လူတွေဟာ အအေးမိတုပ်ကွေး၊ ရေယုန် ဖြစ်တာတွေကနေ ကင်းဝေးစေပါတယ်။ အုတ်ဂျုံနဲ့ ဘာလီကို တစ်ပတ် သုံးကြိမ်လောက် စားသင့်ပါတယ်။

၃။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူထဲမှာ ပါဝင်တဲ့ Allicin က ပိုးကူးစက်မှုနဲ့ ဘက်တီးရီးယားတွေကို ခုခံ တိုက်ထုတ်နိုင်တဲ့ အာနိသင် ရှိပါတယ်။ အင်္ဂလန်မှ သုတေသီတွေက လူပေါင်း ၁၄၆ ယောက်ကို ကြက်သွန်ဖြူမှ ထုတ်ထားတဲ့ Allicin တိုက်ကျွေးပြီး ၁၂ ပတ်ကြာ လေ့လာခဲ့ရာ အအေးမိတုပ်ကွေး ဖြစ်ပွားမှုကို သုံးပုံနှစ်ပုံ လျှော့ချနိုင်ကြောင်း တွေ့ရပါတယ်။ တခြား လေ့လာမှု တစ်ခုအရ တစ်ပတ်ကို ကြက်သွန်ဖြူ ခြောက်မွှာ စားပေးတာက အူမကြီးနဲ့ အစာဟောင်းအိမ်ကင်ဆာ ဖြစ်ပွားမှုကို ၃၀ ရာခိုင်နှုန်း လျှော့ချနိုင်ပြီး အစာအိမ်ကင်ဆာ ဖြစ်ပွားမှုကို ၅၀ ရာခိုင်နှုန်း လျှော့ချနိုင်ကြောင်း တွေ့ရပါတယ်။

တစ်နေ့ကို ကြက်သွန်ဖြူ နှစ်ဥ စားပေးပါ။ ဟင်းချက်ရာမှာလည်း ကြက်သွန်ဖြူ ထည့်ချက် စားပေးပါ။ ဆီလီနီယမ်ဓာတ် ကြွယ်ဝတဲ့ ကမာကောင်၊ ပုစွန်တုပ်၊ ကဏန်း စတာတွေက သွေးဖြူဥတွေကနေ ဆိုက်တိုကိုင်း ပရိုတင်းကို ထုတ်လုပ်စေပြီး တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကို ခန္ဓာကိုယ်ကနေ ဖယ်ရှား ရှင်းလင်းပေးပါတယ်။ ဆယ်လ်မွန်ငါး၊ မက်ကရယ်ငါးနဲ့ ဟာရင်းငါး စတဲ့ အိုမီဂါ-၃ အဆီကြွယ်ဝတဲ့ ငါးတွေက ရောင်ရမ်းမှုတွေကို လျှော့ချပေးပြီး အဆုတ်တွင်း လေဝင်လေထွက် ကောင်းစေတာကြောင့် အဆုတ်တွင်း ဗိုင်းရပ်စ်ပိုးတွေ ဝင်ရောက်မှု မရှိအောင် ကာကွယ်ပေးပါတယ်။ တစ်ပတ်ကို ငါး နှစ်ကြိမ်လောက် ထည့်စားပေးပါ။

၅။ ကြက်စွပ်ပြုတ်

ကြက်စွပ်ပြုတ်နဲ့ တုပ်ကွေးရောဂါရဲ့ ဆက်စပ်မှုကို သုတေသီတွေက လေ့လာကြည့်တဲ့အခါ ကြက်သားကို ချက်ပြုတ်နေချိန်မှာ အမိုင်နိုအက်စစ် တစ်မျိုးဖြစ်တဲ့ စစ္စတင်း ထွက်လာပါတယ်။ အဲဒီ စစ္စတင်းက လေပြွန်လေးတွေ ရောင်ရမ်းမှု ကျစေတဲ့ ဆေး အစီတိုင်းစစ္စတင်းနဲ့ အာနိသင် တူတာကို တွေ့ရှိခဲ့ပါတယ်။ အသက်ရှူလမ်းကြောင်းကတစ်ဆင့် ဝင်ရောက်နိုင်တဲ့ ပိုးမွှားတွေကို ကာကွယ်နိုင်ပါတယ်။ ကြက်စွပ်ပြုတ်ထဲ ထည့်တဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေက သင့်ကို ခုခံအား မြင့်တက်စေပါတယ်။ သင်ဟာ တုပ်ကွေး အအေးမိ ဖြစ်တော့မယ့် လက္ခဏာတွေ ခံစားရပါက ကြက်စွပ်ပြုတ် တစ်ပန်းကန် သောက်ပေးပါ။

၆။ ရေနွေးကြမ်း

ဟားဘတ်တက္ကသိုလ်ရဲ့ လေ့လာမှုအရ တစ်နေ့ကို ရေနွေးကြမ်း ဒါမှမဟုတ် လက်ဖက်စိမ်းရည် ငါးခွက်နဲ့ နှစ်ပတ် သောက်ပေးပါက မသောက်တဲ့ သူတွေထက် ဗိုင်းရပ်စ်ပိုးတွေကို ခုခံ တိုက်ထုတ်နိုင်စွမ်း ၁၀ ဆ ပိုမိုတယ်လို့ ဆိုပါတယ်။ ရေနွေးကြမ်းနဲ့ လက်ဖက်စိမ်းရည်တွေထဲကနေ ခုခံအားကို မြှင့်တင်ပေးနိုင်တဲ့ အမိုင်နိုအက်စစ်တွေကို ရရှိနိုင်တာကြောင့်ပါ။ နေ့စဉ် အကြိမ်များစွာ သောက်ပေးပါ။

၇။ အမဲသား

အမဲသားမှာ ခုခံအားကို မြှင့်တင်ပေးနိုင်တဲ့ ဇင့်ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာ ဇင့်ဓာတ် ချို့တဲ့ပါက ရောဂါပိုးမွှား ဝင်လွယ်စေပါတယ်။ အစားအစာကနေ ရရှိတဲ့ ဇင့်ဓာတ်က သွေးဖြူဥတွေကို ဖွံ့ဖြိုးစေပြီး ခန္ဓာကိုယ်တွင်း ဝင်ရောက်လာတဲ့ ဘက်တီးရီယားနဲ့ ဗိုင်းရပ်စ်ပိုးတွေကို ဖျက်ဆီးပေးပါတယ်။ အဆီထုတ်ထားတဲ့ အမဲသား သုံးအောင်စကနေ တစ်နေ့တာ လိုအပ်တဲ့ ဇင့်ဓာတ်ရဲ့ ၃၀ ရာခိုင်နှုန်း ရရှိစေပါတယ်။ တခြား ဇင့်ဓာတ်ကြွယ်ဝတဲ့ ကမာကောင်၊ ကွေကာ၊ အဆီထုတ်ထားတဲ့ ဝက်သား၊ ကြက်သား၊ ဒိန်ချဉ်နဲ့ နို့ စတာတွေကိုလည်း စားသုံးနိုင်ပါတယ်။

၈။ ကန်စွန်းဥ

အရေပြားက ခန္ဓာကိုယ် ခုခံအားစနစ်ရဲ့ အစိတ်အပိုင်း တစ်ခုဆိုတာ သင်သိပါရဲ့လား။ အရေပြားက ခန္ဓာကိုယ်တွင်း ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ် ပိုးတွေ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးထားပါတယ်။ ဗီတာမင်အေက အရေပြားရဲ့ အဓိက ပစ္စည်းတစ်ခုဖြစ်တဲ့ တွယ်ဆက် တစ်သျှူးမျှင်တွေကို ထုတ်လုပ်ရာမှာ ပါဝင်ပါတယ်။ ဗီတာမင်အေဟာ အစားအစာထဲမှာ ဘီတာကယ်ရိုတင်း အဖြစ် ရှိနေပြီး ခန္ဓာကိုယ်တွင်းရောက်မှ ဗီတာမင်အေ အဖြစ် ပြောင်းလဲသွား ပါတယ်။ ကန်စွန်းဥ ခွက်တစ်ဝက်စာ (၁၇၀ ကယ်လိုရီ) ကနေ ခန္ဓာကိုယ်က တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်အေရဲ့ ၄၀ ရာခိုင်နှုန်းကို ရရှိစေပါတယ်။ ဗီတာမင်အေ ရရှိနိုင်တဲ့ လိမ္မော်သီး၊ မုန်လာဥနီ၊ ရွှေဖရုံသီးတွေကိုလည်း စားသုံးနိုင်ပါတယ်။

၉။ မှို

မှိုက သွေးဖြူဥ ထုတ်လုပ်မှုနဲ့ လှုပ်ရှားဆောင်ရွက်မှုကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ် ခုခံအားကို မြင့်တက်စေတယ်လို့ သုတေသီတွေရဲ့ လေ့လာမှုအရ သိရပါတယ်။ ဖျားနာစေတဲ့ ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားပိုးတွေ ခန္ဓာကိုယ် တွင်း မဝင်ရောက်နိုင်စေဖို့ သင်စားတဲ့ အစားအစာတွေထဲမှာ ခုခံအား မြှင့်တင် ပေးနိုင်တဲ့ မှို ပါဝင်အောင် စားပေးပါ။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

No comments:

Post a Comment

 Blogger