Saturday, March 29, 2014

နောဧနှင့် သက်တံ့ပဋိညာဉ်

ဘုရားသခင်၏ကျမ်းစာ
နောဧနှင့် သက်တံ့ပဋိညာဉ်
တစ်ကမ္ဘာလုံး ရေလွှမ်းမိုးခြင်းအားဖြင့် ဘုရားသခင်သည် မြေကြီးသားများကို စီရင်ပြီးနောက်တွင် နောဧနှင့် မိသားစုကို နောက်တဖန် တစ်ကမ္ဘာလုံး ရေလွှမ်းမိုးခြင်း ရှိတော့မည်မဟုတ်ကြောင်း ကတိပေးတော်မူခဲ့သည်။ ရေအကျကို ရက် ၄၀ စောင့်ပြီးနောက် သဘောင်္ပြတင်းပေါက်ကိုဖွင့်၍ ကျီးအနှင့် ချိုးငှက်တို့ကို ရေခန်းမခန်း စစ်ကြည့်ဖို့ရန် နောဧက အပြင်သို့ လွှတ်ခဲ့သည်။ ရေမခန်းသေးသောကြောင့် နောက် ၇ ရက်အကြာတွင် ချိုးငှက် ကို ပြန်လွှတ်ရာ ထိုချိုးသည် သံလွင်ရွက်ကို ဆိတ်ပြီး ပြန်လာခဲ့သည် ( ကမ္ဘာဦး ၈း၁၁ )။

တစ်နှစ်တာမျှ သဘောင်္ထဲ၌ ကြယ်မမြင်လမမြင်နေခဲ့ကြသော နောဧတို့ မိသားစုအတွက် မြေကြီးပေါ်၌ ထို သံလွင်ရွက်စိမ်းလေးရှိနေသေးခြင်းမှာ အားတက်စရာပင်ဖြစ်သည်။ သာမန်အားဖြင့်ဆိုသော် တစ်နှစ်မျှ ရေလွှမ်းမိုးသောနေရာမျိုးတွင် သစ်ပင်ပန်းမန်များ ရေညှိဖုံးကာ သေကြေပျက်စီးတတ်ကြသည်။ သို့သော် သံလွင်သီး၊ သံလွင်ဆီ၊ သံလွင်ရွက်၊ သံလွင်ပင်၊ သံလွင်ခေါက်ဟူ၍ စားဖို့၊ ဆေးဝါးအဖြစ်သုံးဖို့ လိုအပ်လှသော ထိုသံလွင်ပင် မပျက်စီးဘဲနေခြင်းမှာ ဘုရားသခင်၏ လက်ရုံးတော်ပင်။ နောဧ နှင့် မိသားစုအတွက် မြေကြီးပေါ်၌ ပြန်လည်ပြီး ဘ၀သစ်စတင်ရန်လည်း အဆင်ပြေအောင် ဘုရားသခင် ဖန်တီးပေးခဲ့ခြင်းဖြစ်သည်။ ထို့အရင်၌ မြေပေါ်မိုးမရွာစဖူးသော်လည်း ( ကမ္ဘာဦး ၂း၅၊၆ )၊ ထိုအချိန်မှစ၍ မျိုးစေ့ကြဲစိုက်ပျိုးရာ မိုးကာလ၊ နွေကာလ၊ ဆောင်းကာလဟူ၍ ဘုရားသခင်သည် သူတို့အတွက် ရာသီဥတုကို ပိုင်းခြားပေးခဲ့သည်(၈း၂၂)။ ဤရွေ့ကား ဥတုအစပင်။

ထိုသို့ သီးရွက်များစိုက်ပျိုးစားသုံးနိုင်ခွင့်နှင့်အတူ တိရစ္ဆာန်ရှိသမျှကိုလည်း စားသုံးခွင့်ပေးခဲ့သည်(၉း၃ )။ သူတို့ပွားများစေဖို့ ကောင်းကြီးပေးပြီး မိသားစု၊ ဆွေမျိုး၊ အသိုင်းအ၀ိုင်း၊ လူမှုအဖွဲ့အစည်း၊ အစိုးရအဖြစ် ရပ်တည်လာသောအခါတွင်လည်း ထိုလူ့အသိုင်းအ၀ိုင်းကြီးနှင့်အတူ သူတို့ စိုက်ပျိုးမွေးမြူသမျှကိုလည်း ရေဖြင့် ဖျက်ဆီးပေးတော့မည်မဟုတ်ကြောင်း ကတိပေးကာ ထိုကတိသက်သေအဖြစ် ပထမဆုံးသက်တံ့ကို ကောင်းကင်၌ လှပစွာ ပေါ်စေခဲ့သည်( ၉း၁၁-၁၄ )။
ထိုသို့ နောဧသည် ဘုရားသခင်ကို ယုံကြည်ပြီး စကားတော်ကို အကြွင်းမဲ့လိုက်လျှောက်သောကြောင့် ဘေးမှ လွတ်ရုံသာမက ရေလွှမ်းမိုးထား၍ ပျက်စီးနေသော မြေပေါ်၌လည်း အစစအရာရာ ဖူလှုံစွာ ဘုရားသခင် ထားခဲ့သည်။ ယနေ့ ပတ်ဝန်းကျင်က မည်သို့ပင်ဖြစ်နေသည်ဖြစ်စေ ဘုရားသခင်ကို ယုံကြည်အားကိုးသော သူအဖို့မူ ဘုရားသခင်သည် အရာခပ်သိမ်း၌ ဖူလှုံ၊ လုံလောက်၊ ပြည့်လျှံသောအခွင့်ကို ပေးတော်မူသည်။
You might also like:

No comments:

Post a Comment

 Blogger